"ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ"

Posted by Ka Shee on Thursday, August 17, 2017 | 0 ဟ့ဢ္ခီဢ္မဲဢ္လီဿ္


"ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ"
xxxxxxxxxxxxxxxxxxxxxxxxxx

၁၉၄၈ခုနှစ်ဖေဖော်ဝါရီလ (၃)ရက်နေ့ တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ပရင်ပြည်ပေးရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တလအတွင်း (၁၉၄၈) ခုနှစ်၊ မတ်လ (၃) ရက်နေ့ နောက်ဆုံးထားပြီး ဖစပလ အစိုရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက(သို့ မဟုတတ်)ကရင်ပြည်ပြန်ပေးဖို့ရန် ငြင်းဆိုပါက ကရင်အမျိုးသားများ ခြေတလှမ်း တက်လှမ်းမည်ဟု ပါရှိပါသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့ ၌ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ပေါ်တက်၍ ကရင်လူဆန္ဒပြပွဲကျင်ပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်ဆုံးဖြတ်ချက်အတိုင်း(၁၉၄၈)ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများမြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထူဆန္ဒပြပွဲ ကျင့်ပလေသည်။

အောက်မြန်မာပြည် ကရင်အများစု ရှိရာဒေသများတွင်သာမက မြောက်ဖက်မြစ်ကြီးနားမှ တောင်ဖက်မြိတ်မြို့အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။ ရန်သူ ဖဆကလမှလည်း ခြိမ်းခြောက်နှောက်ယှက်တားမြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့သော် နှောက်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး(၂) ရက်၊ (၃) ရက်ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄)သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။ ကရင်အမျိုးသားမျးသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

ကရင်ပြည်ချက်ခြင်းပြန်ပေး၊
ကရင်တကျပ်၊ ဗမာတကျပ်၊
လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊
ပြည်တွင်းစစ်အလိုမရှိ

စသည့်ကြွေးကြော်သံများပါသော ပိုစတာများ ကိုင်စွဲပြီး မြို့များအတွင်းလှည့်လည်၍ ငြိမ်းချမ်းစွာအသံတိတ် ဆန္ဒပြကြရာ မြန်မာပြည်သမိုင်းတွင် စည်ကမ်းအရှိဆုံး ဆန္ဒြုပပွဲအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။ ဤနိုင်ငံရေး ကြွေးကြွော်သံများသည် ကရင်လူမျိုးများအနေနှင့် အခြားလူများနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားကြောင်း ပြည်တွင်းစစ်ကိုမလိုလားကြောင်း၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနှင့်သာ တရားမျှတစွာ ဖြေရှင်းလိုကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခြင်းဖြစ်သည်။

ကရင်ကံကြမ္မာ ပရင်ဖန်တီးခွင့်ရရှိရေးနှင့် ပတ်သက်သည့် ကရင်အမြိုးသားရေး လှုပ်ရှားမှုသမိုင်းကြီးသည် နိုင်ငံရေးသမိုင်းတစု၊ သာမန်လူတစု၏ လှုပ်ရှားမှုမဟုတ်ဘဲ တမျိုးသားလုံးလက္ခဏာဆောင်သည် ကရင်အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်ကြောင်းကို ကရင်လူထူဆန္ဒပြပွဲကြီးက ဖေါ်ထုပ်ပြသလိုက်ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် ပရင်အမျိုးသားလှုပ်ရှားမှုနှင့် ကရင်တော်လှန်ရေးသည် ပြည်ပသွေးထိုးမှုကြောင့်ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။

ကရင်အမျိုးသားထု ဆန္ဒပြပွဲ၏ နိုင်ငံရေးအဓိပ္ပါယ် ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအသိ မျိုးချစ်ပြည်ချစ်စိတ်ဓါတ်ကို မွေးထုပ်ပြသည့်နေ၊ ပရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ဖော်ထုပ်ပြသည့်နေ့၊ ကရင်အမျိုးသားများ၏ ဇာတိသွေး၊ ဇာတိမာန်ကို ရဲရဲတောက် ဖော်ထုပ်ပြသည့်နေ့၊ နိုင်ငံရေး လက်ဦးမှုကို ကရင်များရယူသည့်နေ့၊ ကရင်ကို ကမ္ဘာက ပိုမိုသိစေသည့်နေ့ပင်ဖြစ်သည်။ အဆိုပါအကြောင်းများကြောင့် (၁၉၅၃)ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်မှ (၂၅)ရက်နေ့အထိ ဖာပွန်မြို့တွင် ကျင်းသော ကော်သူလေးပြည်လုံးဆိုင်ရာ ကွန်ကရက်မှ ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့ကို ကရင်အမျိုးသားနေ့ဟု သတ်မှတ်ကျင့်ပရန် မြစ်ဝကျွန်းပေါ်အမှတ်(၁)ခရိုင်ဥက္ကဌ ဦးကျော်အေးက အဆိုပြုပြီး မြစ်ဝကျွန်းပေါ် အမှတ်(၁)တပ်မမှုး ဗိုလ်ချုပ်ပေါ်ထူးက ထောက်ခံ၍ ကွန်ကရက်ကိုယ်စားလှယ်များက ကန့်ကွက်သူလုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထူဆန္ဒပြပွဲဖြစ်သည့် ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့သည် ကရင်အမျိုးသားနေ့ဖြစ်လာလေသည်။

သမိုင်းကပြောပြသော ကရင့်တော်လှန်ရေးနေ့ အကြောင်း တစေ့တစောင်း

ကရင့်တော်လှန်ရေးဖြစ်ပေါ်လာပုံအကြောင်းလေ့လာလျှင် ကရင်တော်လှန်ရေးမပေါ်ပေါက်မှီကာလ ကရင်လူမှုဘ၀၏အခြေခံ အကြောင်းအရာများအား အရင်လေ့လာဖေါ်ပြပေးနိုင်လျှင် ပို၍ ကောင်းမွနှ်ပြည့်စုံမည်ဖြစ်ပါသည်။သို့သော်ကရင်လူမျိုးများသည် ယခင်မူလစာပေရှိခဲ့သော်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်နဲ့ချီပြီး ပျောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့် ကရင်လူမျိုးများ၏ ဇာ တိဇစ်မြစ်ကို ရှာဖွေသုတေသနပြုသည့်အခါတွင် အခက်အခဲများစွာ တွေ့ရပါသည်။ သမိုင်းပညာရှင်တချို့၏ လေ့လာတွေ့ ရှိချက်အရ ကရင်လူမျိုးများသည် မြန်မာနိုင်ငံသို့လာရောက်မနေထိုင်မှီ တရုတ်ပြည်ယူနန်နယ်တွင် နေခဲ့ဘူးသည့် သမိုင်းအထောက်အထားများ တွေ့ရှိခဲ့သည်ဟု ဆိုပါသည်။

ကရင်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ လာရောက်ပြောင်းရွေ့ နေထိုင်စဉ် မြန်မာပြည်ပဒေသရာဇ်ခေတ် ကြီးစိုးတဲ့အချိန်တွင်လည်း ပဒေသရာဇ်ဘုရင်တို့၏ အားပြိုင်မှုတွေထဲတွင် မွန်ပဒေသရာဇ်ဘုရင်ဘက်မှ ရပ်တည်ပြီး အခြားပြိုင်ဘက် ပဒေသရာဇ်ဘုရင်များအား ၀ိုင်းတိုက်ပေးသည့် ကရင်အုပ်စု ရှိသကဲ့သို့ ယိုးဒယားဘုရင်၊ ဗမာဘုရင်ဘက်မှနေပြီး ရန်သူများကို ၀ိုင်းတိုက်ပေးခဲ့သည့် ကရင်အုပ်စုများလည်းရှိကြောင်း သမိုင်းတချို့တွင် ဖေါ်ပြထားပါသည်။ ၎င်းခေတ်အချိန်ကာလတွင် ကရင်လူမျိုးများသည် ဟိုဘက်စစ်သုံ့ပမ်းဖြစ်လိုက်၊ ဒီဘက်စစ်သုံ့ပမ်းဖြစ်လိုက်နှင့် အချို့ကရင်သောအုပ်စုများသည် အေးဆေးစွာနေထိုင်လို၍ စစ်မက်ဖြစ်ပွားသောနေရာဒေသများကို တိမ်းရှောင်ရင်း၊ အရှေ့တောင်အာရှနိုင်ငံအနှံ့ ပြန့်ကျဲ ရောက်ရှိသွားကြသည်ဟု သမိုင်းမှတ်တမ်းတချို့တွင် တွေ့ရပါသည်။ ကရင်လူမျိုးအချို့က ယခင် ယူနန်ကုန်းပြင်မြင့်မှ ပြောင်းရွေ့လာကတည်းက အရှေ့တောင်အာရှနိုင်ငံအနှံ့ ပြောင်းရွှေ့နေထိုင်ခဲ့ပြည်ဟု သမိုင်းတချို့တွင် ဖေါ်ပြထားပါသည်။
ကရင်လူမျိုးသည် လူမျိုးကြီးတမျိုးဖြစ်ပြီး ယိုးဒယား၊ မြန်မာနိုင်ငံအပါအ၀င် သမိုင်းအဆက်ဆက်တွင် ကရင်ဘုရင်များစွာ ပေါ်ထွန်းခဲ့ဘူးသည့် သမိုင်းစာမျက်နှာများလည်း တွေ့ရပါသည်။ သို့သော်ကျနော်တို့ကရင့်လူမျိုးတို့၏ ကိုယ်ပိုင် သမိုင်းမှတ်တမ်းမှတ်ရာ ခိုင်ခိုင်မာမာ မှတ်တမ်းပြုစုနိုင်လျှင် အလွန်ကောင်းမွန်မည်ဟု မြင်မိပါသည်။

ကရင်လူမျိုးတို့၏ လူမှုဘ၀ သမိုင်းအထောက်အထားများကို မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီဘ၀ကျရောက်သည့်အချိန်မှစ၍ စတင်မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။ ယခင်ပဒေသရာဇ်ကကဲ့သို့ မဟုတ်တော့ဘဲ စီးပွါးရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်း များစွာတိုးတက်ပြောင်းလဲလာပါသည်။ ထူးချွန်ထက်မြက်သော ကရင်စစ်မှုထမ်း အရာရှိအရာခံများ၊ သာမန်စစ်မှုထမ်းများ များစွာပေါ်ထွန်းလာပါသည်။(OBE,KIH)ဘွဲ့ ကိုရရှိသော ဆရာစံဘော်၊(TPS)ဘွဲ့ကို ဆရာဂျိမ်းတာဖ၊ ဆရာဖိုးကျော်တို့ကဲ့သို့ ဘွဲ့ရာထူးရ၊ ထူးချွန်သောကရင်စစ်မှုထမ်းတွေလည်းများစွာ ပေါ်ထွန်းခဲ့ပါသည်။

ဗမာပြည်လက်နက်ကိုင်တပ်မတော်(Burma Rifle)၊ ဗမာပြည်ရဲတပ်ဖွဲ့ (BMA)၊တက္ကသိုလ် တပ်ရင်း(UTC University Training Crop)၊နယ်ခြားစောင့်တပ်ဖွဲ့ (BTF Burma Territorial Force)ဗမာပြည်အရံလက်နက်ကိုင်တပ်ဖွဲ့  (BAF)တို့တွင် ကရင်အရေအတွက် ထက်ဝက်ကျော်ခန့် ပါဝင်စစ်မှုထမ်းခဲ့ပါသည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် ကာလတွင် ကရင်စစ်မှုထမ်းများသည် အင်္ဂလိပ်တပ်တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ရင်း နိုင်ငံခြားတိုင်းပြည်များသို့ အများအပြား ရောက်ရှိသွားကြသည်လည်း ရှိခဲ့ပါသည်။ အင်္ဂလိပ်က မြန်မာပြည်အား စတင်အုပ်ချုပ်တဲ့အချိန်ကစပြီး ၁၉၄၁ ခု နှစ်အထိ၊ အုပ်ချုပ်သူ ပဒေသရာဇ်ခေတ်အဆက်ဆက်နဲ့ နှိုင်းယှဉ်ကြည့်လျှင် ကရင်လူမျိုးတို့ဘ၀သည် သိသိသာသာ ပြောင်းလဲတိုးတက်လာကြောင်း တွေ့ရပါသည်။ ဖိနှိပ်မှုများ ကင်းဝေးပြီး မိမိတို့၏ ကိုယ်ပိုင်မြေယာများနှင့် ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နိုင်ခြင်း၊ ကိုယ်ပိုင်စာပေရှိလာပြီး အဆင့်မြင့်သော ခေတ်ပညာများ သင်ယူနိုင်သည့်အခွင့်အလမ်းများ ရှိလာခြင်း၊ ကောင်းမွန်မြင့်မားသည့် ရာထူးရာခံ၊ အမှုထမ်းနေရာလည်း အများအပြား လုပ်ကိုင်နိုင်လာနိုင်ပါသည်။

၁၉၄၂ ခုနှစ်၊ နှစ်ဦးပိုင်းမှစ၍ ဂျပန်တပ်ဖွဲ့နှင့် ဗမာရဲဘော်သုံးကျိပ်၊ ဘီအိုင်အေတို့ မြန်မာပြည်ကို တဖြည်းဖြည်းနှင့် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ အင်္ဂလိပ်တပ်များ မြန်မာပြည်မှ ဆုတ်ခွါသည့်အချိန်တွင်လည်း ကရင်တပ်မှူးတပ်သားများ များစွာလိုက်ပါသွားကြသည်။ ဂျပန်တို့ မြန်မာတပြည်လုံးအတိုင်းအတာအထိ သိမ်းပိုက်နိုင်လိုက်သည့်အချိန်တွင် ကရင်လူမျိုးတို့ရဲ့ဘ၀သည် လုံးဝလုံခြုံမှု မရှိတော့ချေ။ ဘီအိုင်အေတပ်များ မြန်မာပြည်တွင်းသို့ ရောက်ရှိလာသောအခါ ကရင်များအား အင်္ဂလိပ်သူလျှိုများ၊ အင်္ဂလိပ်အပေါ်သစ္စာရှိသူများ၊ ဂျပန်အားဆန့် ကျင်သူအဖြစ် ပြောဆိုစွတ်စွဲပြီး ဂျပန်များနှင့် ရန်တိုက်ပေးလျှက်ရှိသည်။ ဘီအိုင်အေတပ်များကိုယ်တိုင်လည်း ကရင်များအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးကာ ခလေး၊အဘွားအိုများပါမကျန် နှိပ်စက်သတ်ဖြတ်ခြင်း၊ ကရင့်အမျိုးသမီးများအား အဓမ္မစော်ကားခြင်း၊ ကျေးရွာများအား မီးရှို့ခြင်း၊ ကရင်ပိုင်ပစ္စည်းများ၊ အိမ်မွေးတိရိစ္ဆှာန်များအား သတ်ဖြတ်၊ ခိုးယူလုယက်ဖျက်ဆီးခြင်း စသည့် လူမဆန်စွာ ညှင်းပမ်းနှိပ်စက်မှုများ အညှိုးကြီးစွာ လုပ်ဆောင်လျှက်ရှိသည်။

ကရင်ဒေသများဖြစ်သည့် ဖါပွန်၊ ရွှေကျင်၊ သထုံခရိုင်၊ မြောင်းမြနှင့် မြစ်ဝကျွန်းပေါ်ဒေသ စသည့်နေရာများတွင် ဘီအိုင်အေတို့ ၏ ရက်စက်မှုအမျိုးမျိုးကို အလူးအလဲခံနေရသည်။ ဘီအိုင်အေတို့၏ သွေးထိုးမှုကြောင့် ဂျပန်တို့၏ နှိပ်စက်ညှင်း ပမ်းမှုကို လည်း ကရင်များ အလူးအလဲခံရသည်။ ဤသို့ဖြင့် ကရင်လူမျိုးတို့သည် ဂျပန်တို့၏ရန်နှင့် ဘီအိုင်အေတို့၏ရန်တို့ပါ နှစ်မျိုးစလုံး ရက်စက်စွာ ခံနေရသည်။ အင်္ဂလိပ်တပ်များ ဆုတ်ခွါပြီးနောက်ပိုင်း အင်္ဂလိပ်တပ်ထွက် ကရင်တို့၏လက်ထဲတွင် လက်နက်အချို့ကျန်ရှိနေသည်။ ကရင်တို့သည် ၎င်းလက်နက်များကို သူတပါးအား ကျူးကျော် အနိုင်ယူရန်အတွက်မဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ရန်အတွက်ဖြစ်သည်။ ဘီအိုင်အေတို့သည် ကရင်များအား စိတ်ကြိုက်ညှင်းဆဲနိုင်ရန်အတွက် ကရင်တို့၏ လက်ထဲ ရှိလက်နက်များကို မတရား အမိန့်ထုတ်ပြီး အဓမ္မလက်နက်အပ်ခိုင်းခဲ့ပါသည်။ ဘီအိုင်အေတပ်များက ကရင်တို့ကို အမျိုးမျိုး နှိပ်စက်ညှင်းပမ်းသတ်ဖြတ်ခြင်း၊ လက်နက်အပ်ခိုင်းခြင်းတို့သည် မတရားမှု လုပ်ရပ်ဖြစ်သောကြောင့် လက်နက်မအပ်ဘဲ ဘီအိုင်အေတို့၏ ယုတ်မာရက်စက်မှုကို မခံနိုင်သည့်အဆုံး ပြန်လည်ခုခံ တိုက်ခိုက်ရာမှာ ကရင်ဗမာအဓိကရုန်းဖြစ်ပွားခဲ့သည်။ အဓိကရုန်းသည် ပိုမိုပြင်းထန်လာပြီး(၆)လခန့်ကြာမည့်သည့်အခါ ဂျပန်ဗိုလ်ချုပ်ကြီး မိုးကြိုး၏ ကြားဝင်ဖြန်ဖြေပေးမှုဖြင့် ပဋိပက္ခတဖြည်းဖြည်း ရပ်ဆိုင်းသွားရသည်။ အင်္ဂလိပ်အုပ်ချုပ်မှုအောက်တွင် ကရင်များသည် ကောင်းမွန်စွာလုပ်ကိုင်စားသောက်နိုင်သည်။ ဂျပန်များ ၀င်ရောက်အုပ်ချုပ်သည့်အခါ အဓမ္မလုပ်အားခိုင်းခြင်း၊ လုယက်ဖျက် ဆီးခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကရင်အမျိုးသမီးများအား အဓမ္မစော်ကားခြင်း စသည့် ဂျပန်များ၏ ရက်စက်မှုများကို ခါးသီးစွာ ခံစားကြရသည်။

အင်္ဂလိပ်တပ်များ အိန္ဒိယသို့ ဆုတ်ခွါသည့်အခါ ကရင်တပ်များလည်း များစွာ လိုက်ပါသွားပြီး စစ်သင်တန်းတက်စေသည်။ ဂျပန်တို့အား ပြန်လည်တိုက်ထုတ်မည့်ကာလတွင် အိန္ဒိယနိုင်ငံမှမြန်မာပြည်သို့ လေထီးဖြင့် ဆင်းသည့် ကရင်စစ်သည်များ၊ နယ်မြေခံကရင်တပ်ဖွဲ့များ အများအပြား ရှိသည်။ ဂျပန်များတော်လှန်ရန်အတွက် အိန္ဒိယနိုင်ငံသို့သင်တန်းသွားတက်သည့် ဗမာလူငယ်အုပ်စုတွင်လည်း ကရင်လူငယ်များပါဝင်သည်။ ဂျပန်များအား ပြန်လည်တော်လှန်တိုက်ထုတ်ရန်ရာတွင် ကရင်နှင့်ဗမာလူမျိုးတို့၏ ပူးပေါင်းပါဝင်မှုအခန်းသည် အလွန်မှ အရေးကြီးပါသည်။ ကရင်လူမျိုးတို့သည် ဗမာလူမျိုးအပါအ၀င် အခြားတိုင်းရင်းသားလူမျိုးများနှင့် ပူပေါင်းပြီး ဖက်ဆစ်ဂျပန်များကို ရွံ့ရွံ့ချွံချွံ တိုက်ထုတ်နိုင်ခဲ့သည်။ ၁၉၄၅ သြဂုတ်လ(၁၄)ရက်တွင် ဂျပန်များ လက်နက်ချသော်လည်း ကရင်တောင်တန်းဒေသအချို့တွင် ကရင်နှင့်ဂျပန် ဆက်လက်တိုက်ပွဲဖြစ်ပွားနေသေးသည်။ ၎င်းတိုက်ပွဲတွင် ဂျပန်စစ်သည်(၈၀၀၀)ကျော် ကျဆုံးခဲ့သည်။ မြန်မာပြည် ဂျပန်တော်လှန်ရေးသမိုင်းတွင် ကရင်ပျောက်ကျားတပ်ဖွဲ့များသည် ဂျပန်ကို အများဆုံး ချေမှုန်းနိုင်သည့် တပ်ဖွဲ့ဖြစ်သည်။ (ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့်ပတ်သက်၍ ၁။ ဦးနုရေးသားသည့် “ငါးနှစ်ရာသီဗမာပြည်” စာအုပ်ထဲတွင် ကရင်ဗမာချစ်ကြည်ရေးသည် ဂျပန်ကို ပြန်လည်ဆန့်ကျင်ရန်အတွက် အရေးကြီးဆုံး လုပ်ငန်းတခုဖြစ်ပေသည်။ (၂) ဗိုလ် မှူးကြီးချစ်ကောင်း၏ အနှစ်(၂၀)စာအုပ်တွင် ဂျပန်ကိုဆန့်ကျင် တိုက်ခိုက်ရာတွင် ကရင်နှင့်ဗမာစည်းလုံးညီညွတ်မှုမရှိပါက လွယ်ကူမည်မဟုတ်ချေ။(၃)အောင်ဆန်း အကိုရေးသားသော “အောင်ဆန်း”အမည်ရှိစာအုပ်ထဲတွင် အောင်ဆန်းအနေဖြင့် ကရင်ဗမာစည်းလုံးမှုမရှိပါက လွတ်လပ်ရေးရနိုင်ရန်အကြောင်းမရှိဟု မြင်ပေသည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွါးသည့်အချိန်တွင် ကရင်တို့သည် ဘ၀ကို ခက်ခဲပင်ပမ်းကြီးစွာ ဖြင့်ဖြတ်သန်းခဲ့ရသည်။ ကရင်ဗမာအဓိကရုဏ်း ကြီးကျယ်စွာဖြစ်ပွားခဲ့ခြင်း၊ ဂျပန်တို့၏ မတရားဖိနှိပ်မှု နည်းမျိုးစုံကိုအ လူးအလဲခံနေရခြင်းတို့ ကြောင့်ဖြစ်သည်။ ကရင်လူမျိုးများ ဂျပန်တော်လှန်ရေးကို အောင်မြင်စွာဆင်နွှဲနိုင်ခြင်းကြောင့် အမျိုးသားရေးစိတ်ဓါတ် နိုးကြားတက်ကြွလာသည်၊ ကိုယ့်တိုင်း ကိုယ့်ပြည်နဲ့ နေထိုင်သွားရန် စိတ်ဓါတ်ပြင်းပြလာသည်၊ ကိုယ်ပိုင်တိုင်းပြည်မရှိပါက မိမိလူမျိုး ဘယ်နည်းနဲ့မျှ တိုးတက်ကြီးပွားနိုင်မည်မဟုတ်ဟု အလေးအနက် သဘောပေါက် ခံယူလာသည်။(Atlantic Charter)အတ္တလန်တစ်စာချုပ်အရ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိစေရမည်ဟု အပုဒ်ပါရှိသည့်အတွက် ကရင်လူမျိုးများအတွက် ကိုယ်ပိုင်တိုင်းပြည်ရှိလိုစိတ် ပို၍စိတ်ဓါတ်ပြင်းထန်လာသည်။

အင်္ဂလိပ်က ရန်ကုန်ကို(၁၉၄၅)မေ(၃)ရက်နေ့တွင် ရန်ကုန်ကို ပြန်လည်သိမ်းပိုက်နိုင်ပြီး၊ ဗမာပြည်တွင်း စစ်မပြီးဆုံးသေး သော်လည်း ကရင်ခေါင်းဆောင်များ ရန်ကုန်တွင် တွေ့ဆုံပြီး ကရင်တိုင်းပြည်ကို တောင်းဆိုရန် ဆွေးနွေးတိုင်ပင်ကြသည်။ ဤကရင်လှုပ်ရှားမှုများမတိုင်မှီကာလများဖြစ်သော..၁၉ရာစု မကုန်မှီကာလက စမစ်တန် အမည်ရှိ အင်္ဂလိပ်အရာရှိ တယောက်က ရေးသားသော (The Royal Karen of Burma)ဗမာပြည်ရှိ သစ္စာရှိသောကရင်များ အမည်ရှိစာအုပ် တွင်“ကရင်လူမျိုးတို့သည် အင်္ဂလိပ်အုပ်ချုပ်မှုအပေါ် သစ္စာရှိကြသူများ၊ ကရင်လူမျိုးများ မိမိကိုယ်ကို အုပ်ချုပ်နိုင်ရေးအတွက် အင်္ဂလိပ်အစိုးရ၏ ကူညီစောင့်ရှောက်မှုအောက်တွင် သီးခြားတိုင်းပြည်တပြည်ပေးသင့်သည်။ ၁၉၂၃- ၁၉၂၅ ခုနှစ်ကာလတွင်လည်း ကရင်လူမျိုး ဒေါက်တာတယ်မေဖိုးမင်းသည် အင်္ဂလန်နှင့်အမေရိကန်ပြည်သို့ ဆင်ဖြူတော်နှင့် သွားရောက်လည်ပတ်ပြီး ကရင်လူမျိုးတို့သည်အင်္ဂလိပ်အ ပေါ်သစ္စာရှိသူများဖြစ်ပြီး လွတ်လပ်သည့် ကိုယ်ပိုင်တိုင်းပြည်တပြည် ရှိသင့်ကြောင်း လှည့်လည်ဟောပြောခဲ့သည်။ ၁၉၂၈ခုနှစ်၊ ဒေါက်တာ စံစီဖိုးရေးသားသော“ဗမာပြည်နှင့်ကရင်လူမျိုးများ”(Burma and Karens)စာအုပ်တွင်အင်္ဂလိပ်တို့၏ ဗျူရိုကရေစီ အုပ်ချုပ်ရေးစနစ်နှင့် ကရင်များအား တနင်္သာရီတိုင်းကို အင်္ဂလိပ်လက်အောက်ရှိ ကရင်ပြည်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားသည်။

ဒုတိယကမ္ဘာ စစ်ဖြစ်ပွားချိန် အင်္ဂလိပ်နောက်သို့ လိုက်သွားသောကရင့်စစ်သည်(၂၀၀၀)ကျော်တို့သည် ၁၉၄၅ ခုနှစ် အစပိုင်းတွင် အင်္ဂလိပ်စစ်ဗိုလ်အယောက်(၄၀)တို့နှင့်အတူ ကရင်ကိုယ်ပိုင်တိုင်းပြည်ပေးရန်အတွက် စာတမ်းတစောင်ကို အင်္ဂလိပ်အစိုးရထံ လက်မှတ်ထိုး တောင်းဆို တင်ပြခဲ့ကြသည်။ ၁၉၄၅ခုနှစ် ဇွန်လ(၂၈)ရက်မှ ဇူလိုင်လ(၅)အထိ၊ ကရင်ခေါင်းဆောင်များ ရန်ကုန်တွင် တွေ့ဆုံပြီး ကရင်ပြည်ရရှိရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ကာ ၎င်းတို့ဆုံးဖြတ်ချက်အတိုင်း အင်္ဂလိပ်အစိုးရထံ ကရင်ပြည်ရရှိရန် စာရေးသားတောင်းဆိုသည်။ ၎င်းအပြင် ကရင်ကိုယ်စားလှယ် တဖွဲ့ကိုလည်း အင်္ဂလန်သို့စေလွှတ်ခဲ့သည်။ ကရင်လူမျိုးများ လွတ်လပ်သည့် ကိုယ်ပိုင်တိုင်းပြည် ရရှိရန် ကြိုးပမ်းစဉ် တချိန်တည်းတွင် ဗမာလူမျိုးများလည်း လွတ်လပ်ရေးအတွက် အပြင်းအထန် ကြိုးပမ်းလျှက်ရှိသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးခါစ အင်္ဂလန်အစိုးရသည် အကြပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံတွင်း ကုန်ဈေးနှုန်းမြင့်မားလာမှု၊ စားသောက်ကုန် ရှားပါးလာမှု၊ အလုပ်လက်မဲ့ပြဿနာနှင့် အလုပ်သမားသပိတ်တို့ကို ရင်ဆိုင်နေရသည်။ ၎င်းတို့အုပ်ချုပ်သော ကိုလိုနီနယ်မြေများလည်း ကိုယ်ပိုင်လွတ်လပ် ရေးတောင်းဆိုလာပြီး မပေးပါက ဆူပူထကြွ ပုန်ကန်မည်ဖြစ်သောကြောင့် ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးကိစ္စကို အင်္ဂလိပ်အစိုးရ စဉ်းစားလာရသည်။ မြန်မာပြည်တွင်လည်း စက္ကူဖြူ စီမံကိန်းကြောင့် တပြည်လုံး အုံကြွမှုဖြစ်လာပြီး အင်္ဂလိပ်အစိုးရအား အကြီးအကျယ်အကြပ် ရိုက်ခတ်စေသည်။

၁၉၄၆ ခုနှစ် စက်တင်ဘာ(၂၁)ရက်တွင် ဘုရင်ခံဟူးဘတ်ရန့်ခ်ျသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံဆွေးပြီး ၎င်းဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်အား တနှစ်အတွင်း လွတ်လပ်ရေးပေးရန် တောင်းဆိုလေသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလခေါင်းဆောင်တို့သည် အင်္ဂလန်သို့ ဗမာလွတ်လပ်ရေး ကိစ္စဆွေးနွေးရန် သွားရောက်ပြီး ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ(၁၇)ရက်နေ့တွင် “အောင်ဆန်းအက်တလီ” စာချုပ်ကို ချုပ်ဆိုလိုက်သည်။ အောင်ဆန်းအက်တလီစာချုပ်အရ နယ်ချဲ့ကိုလိုနီများ တော်လှန်တိုက်ခိုက်ရာတွင် အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရသော၊ ပေးဆပ်မှုကြီးမားခဲ့သော ကရင်လူမျိုးများအရေးနှင့်ပတ်သက်ပြီး ဘာမျှ ထည့်သွင်းထားခြင်းမရှိသောကြောင့် ကရင်အမျိုးသားအဖွဲ့အစည်းများဖြစ်သော(KNA)ကရင်အမျိုးသားအသင်း(BKNA)ဗုဒဘာသာကရင်အမျိုးသားအသင်း(KCO)ကရင်ဗဟိုအသင်း၊(KYO)ကရင်လူငယ်အသင်းတို့တွေ့ဆုံပြီး “အောင်ဆန်းအက်တလီ”စာချုပ်နှင့်ပတ်သက်ပြီး ဆွေးနွေးကာ သဘောတူဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။ ၎င်းအဖွဲ့တို့၏ သဘောတူညီချက်အရ (KNU) ခေါ်ကရင်အမျိုးသားအစည်း အရုံးကို ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၅)ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

အောင်းဆန်းအက်တလီစာချုပ်နှင့်ပတ်သက်၍ ဗမာများ အင်္ဂလိပ်အစိုးရနှင့် သွားရောက်တွေ့ဆုံရတွင် ကရင်ကိုယ်စားလှယ်တဦးတယောက်မှ မပါသည့်အပြင် ကရင်တို့၏ သဘောထားများ လုံးဝ တိုင်ပင်နှီးနှောခြင်းမရှိခြင်း၊ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ကရင်ကိုယ်စားလှယ်နည်းပါးခြင်း၊ ကရင်များ တောင်းဆိုသည့် ကရင်ပြည်နှင့်ပတ်သက်ပြီး ဘာမျှ မဖေါ်ပြခြင်း၊ ကရင်လက်နက်ကိုင်တပ်ဖွဲ့ကို ဆက်လက်ထားရှိခြင်းမရှိ၊ စသည့် အချက်တို့ကြောင့် အောင်ဆန်းအက်တလီစာချုပ်ကို လက်ခံနိုင်ခြင်းမရှိကြောင်း ဆုံးဖြတ်သည်။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏ သဘောတူ ဆုံးဖြတ်ချက်များကို အင်္ဂလိပ်အစိုးရထံ တင်ပြတောင်းဆိုပြီး ပြဿနာများ လက်ခံစဉ်းစားခြင်းမရှိသော် စောဘဦးကြီးသည် ၀န်ကြီးရာထူး နှုတ်ထွက်မည်ဖြစ်ပြီး လွတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်မည် ဖြစ်သည်။ ဆက်လက်၍ ဗမာ ဖဆပလအစိုးရထံတွင်လည်း ကရင်လွတ်တော်ကိုယ်စားလှယ်၊ ၀န်ကြီး ဦးရေ အရေအတွက်ကိစ္စ၊ ကရင်ပြည်ပေးရန် သဘောတူ လက်ခံရန်၊ ကရင်လက်နက်ကိုင်ထားရှိရန်၊ အုပ်ချုပ်ရေးဌာနများတွင် ကရင်လူဦးရေအချိုးအစား အစရှိသည့်အချက်များကို တောင်းဆိုသည်။ ကရင်တို့၏တောင်းဆိုချက်များကို အင်္ဂလိပ်အစိုးရနှင့် ဖဆပလတို့မှ လက်ခံခြင်းမရှိဘဲ ကရင်ပြည်ရရှိရေးအတွက် လွတ်တော်ခန်းမထဲတွင်သာ ကြိုးပမ်းသွားရန် တိုက်တွန်းသည်။ ထို့ကြောင့် စောဘဦးကြီးသည် ၀န်ကြီးရာထူး နှုတ်ထွက်သည်။ ၎င်းဆုံးဖြတ်ချက်ကြောင့်(KYO)ခေါင်းဆောင်အချို့နှုတ်ထွက်ပြီး စောဘဦးကြီး၏နေရာတွင် စောစံဖိုးသင်က ကရင်ရေးရာဝန်ကြီးအဖြစ် ဖဆပလတွင် ၀င်ရောက်လုပ်ကိုင်စေသည်။ ထိုအချိန်မှစ၍(KYO)ခေါင်းဆောင်များသည် ဖဆပလ လက်ရုံးအဖွဲ့တခု ဖြစ်လာပြီး (KNU)၏ ကြိုးပမ်းမှုတိုင်း တောက်လျှောက် ဆန့်ကျန်လေတော့သည်။ ၁၉၄၇ ခုနှစ် ဧပြီလ (၁၀)ရက်နေ့တွင် ကေအဲန်ယူအရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူပြီး ကရင်အမျိုးသားရေး ရှေ့ဆက် လုပ်ဆောင်ရမည့်တာဝန်များနှင့် ဗဟိုကော်မတီအသစ်များကိုလည်း ပြန်လည်ရွေးချယ်တင်ပြီး စောဘဦးကြီးက ဥက္ကဌ တာဝန်ယူသည်။

ဖဆပလမှ လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲကျင်းပသော်လည်း ကေအဲန်ယူက ၎င်း၏ညီလာခံဆုံးဖြတ်ချက်အရ လက်မခံဘဲ သပိတ်မှောက်ခဲ့သည်။ ၁၉၄၇ ခုနှစ်ဇူလိုင်လ (၁၆)ရက်နေ့တွင် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သည့် မန်းဘဇံသည် ကေအဲန်ဒီအို(KNDO)ခေါ် ကရင်အမျိုးသားကာကွယ်ရေးတပ်ကို ဦးဆောင်ဖွဲ့စည်းပြီးအကြောင်း ရင်းမှာ ကရင်အမျိုးသားတို့၏လှုပ်ရှားမှုသည် တနေ့ လက်နက်ကိုင် တိုက်ပွဲအဆင့်သို့ ရောက်ရှိမည်ဖြစ်သဖြင့် ကရင်တို့၏ အသက်အိုးအိမ်များအတွက် အန္တရာယ်များ ကြိုတင်ကာကွယ်ပေးရန် ဖြစ်သည်။ တကယ်ပင်(KNDO)သည် ကရင်များ နေထိုင်သည့် နေရာအနှံ့ ဖွဲ့စည်းနိုင်ခဲ့ပြီး ကရင်အမျိုးသားများအား ထိရောက်စွာကာကွယ်နိုင်ခဲ့သည်။ ကေအဲန်ယူ၏ လွှတ်တော်ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းသည် ကြီးမားသော အောင်မြင်မှုတရပ်ဖြစ်ပြီး၊ ဖဆပလ အစိုးရသည် ကရင်များအား အကြပ်ကိုင်ရန်အတွက် ကရင်နှင့်ဗမာလူထုအကြား နားလည်မှုလွဲမှားလာစေရန် စတင်ပြီး လှည့်စားမှုများ ပြုလုပ်လာတော့သည်။ ကရင်လက်နက်များအား သိမ်းဆည်းရန်လည်း ကြိုးစားလာသည်။ ကေအဲန်ယူသည် ၁၉၄၇ ခု၊ အောက်တိုဘာ (၁၀)ရက်နေ့တွင် မော်လမြိုင်၌ ညီလာခံတရပ် ကျင်းပပြီး ကရင်ကိုယ်စားလှယ်အစစ်အမှန် မပါသည့် တိုင်းပြုပြည်ပြု ရေးဆွဲမည့် မည်သည့်ဥပဒေကိုမှ ကရင်လူထု လက်ခံလိမ့်မည်မဟုတ်ကြောင်း၊ လွှတ်လပ်သည့် ကရင်ပြည်ရရှိရေးကို ကမ္ဘာ့ကုလသမဂ္ဂသို့ တင်ပြသွားရန်၊ ဗမာပြည်လွတ်လပ်ရေးရသည်နှင့်တပြိုင်နက် ကရင်ပြည်ကိစ္စကို ဗမာပြည်အစိုးရထံ တင်ပြတောင်းဆိုသွားရန်၊ ကရင်နယ်မြေ သတ်မှတ်မှုများ အပါအ၀င် ကရင်အမျိုးသားအလံ အတည်ပြု အသုံးပြုမည့်ကိစ္စများ စသည့် သဘောတူ ဆုံးဖြတ်ချက်များ ချမှတ်လေသည်။

၎င်းအပြင် မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ (MNDO)နှင့်လည်း အမျိုးသားလှုပ်ရှားမှုများအတွက် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှုများ ရရှိခဲ့သည်။ တဖက်တွင် လည်း ဖဆပလ ဗမာအစိုးရသည် ကရင်များ သွေးကွဲအောင် နည်းမျိုးစုံ သွေးခွဲမှိုင်းတိုက်ခဲ့ပြီး (KYO)များအား ငွေကြေး အာဏာများဖြင့် မြှားခေါ်ကာ(KNU)ကိုဆန့်ကျင်သွားရန်အတွက် လက်ကိုင်တုတ်အဖြစ် ပြောင်းလဲခဲ့ကြသည်။ ၁၉၄၇ ခု အောက်တိုဘာတွင် “နု-အက်တလီ”စာချုပ် ချုပ်ဆိုပြီး ၁၉၄၈ ခု၊ ဇန္န၀ါရီလ(၄)ရက် နေ့တွင် ဗမာပြည်လွတ်လပ်ရေး ရရှိခဲ့သည်။ ဗမာပြည် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းလ ကရင်တို့သည် ဖဆပလထံ ကရင်ပြည်တောင်းဆိုရာ ဖဆပလ ဗမာအစိုးရကမူ ၎င်းတို့အား ကရင်ပြည်မပေးရုံမက ကရင်များအား နယ်ချဲ့လက်ကိုင်တုတ်များ၊ ဆူပူသောင်းကျန်းသူများအဖြစ် စွတ်စွဲရေးသားပြောဆိုကြသည်။

ကရင်တို့၏ တောင်းဆိုချက်များ ဖဆပလက ဘာမျှ အကြောင်းမပြန်သဖြင့် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးသည် ဗမာပြည်အနှံ့ရှိ ကရင်လူထုများကို စည်းရုံးလှုပ်ဆော်ကာ ခေါင်းဆောင်မှုပေးပြီး၊ တတိုင်းပြည်လုံးအတိုင်းအတာဖြင့် ၁၉၄၈ ခု ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့တွင် ကရင်လူထု၏ ဆန္ဒပြပွဲကြီးကို ပြုလုပ်ကျင်းပခဲ့သည်။ ကရင်လူထုများ ဆန္ဒပြပွဲသို့သွားရာလမ်းခရီးတလျှောက်တွင်လည်း ဖဆပလတို့၏ နှောက်ယှက်ခြင်းကို အမျိုးမျိုးခံခဲ့ရသည်။ ဆန္ဒပြပွဲကြီးတွင် ဗမာပြည်မြို့ကြီးများအနှံ့ ဖြစ်ပွားကာ။ စုစုပေါင်း(၄)သိန်းကျော်ခန့်ရှိပြီး ဗမာပြည်သမိုင်းတွင် ကရင်လူမျိုးတို့၏ အကြီးဆုံးဆန္ဒပြပွဲဖြစ်ပြီး စည်းကမ်းသေ၀ပ်မှုအရှိဆုံး ဆန္ဒပြပွဲလည်းဖြစ်သည်။

ဖဆပလ ဗမာအစိုးရသည် ကေအဲန်ယူကရင်ခေါင်းဆောင်များအား လှည့်စားရန်အတွက် ၎င်းတို့၏ အခြားလက်ကိုင်တုတ် ကရင်များအား ကရင့်ရေးရာကောင်စီ ဖွဲ့စည်းပေးလိုက်သည်။ ၁၉၄၈၊ မတ်လ ၃ ရက်နေ့ ကေအဲန်ယူ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ကရင်လူမျိုးတို့၏ ကရင်ပြည်ရရှိရေးအတွက် တခုတည်းသော ရွေးချယ်စရာနည်းလမ်းဖြစ်သည့် လက်နက်ကိုင်တိုက်ပွဲကို ရွေးချရန် ဆုံးဖြတ်သည်။ အစည်းအဝေးပြုလုပ်သည့်ကာလတွင် ဖဆပလအစိုးရခေါင်းဆောင် ဦးနုသည် စောဘဦးအပါအ၀င် ကရင်ခေါင်းဆောင်များအား ထမင်းစားဖိတ်ကြားရာ ကရင်တိုင်းပြည်ရရန်အတွက် ပါလီမန်နည်းလမ်းနှင့် လက်နက်ကိုင်နည်းလမ်း၊ နှစ်လမ်းသာရှိကြောင်းပြောပြီး ကေအဲန်ယူ ကရင်ခေါင်းဆောင်များအား ပါလီမန်နည်းလမ်းအား ရွေးချယ်ရန်တိုက်တွန်းသည်။ နောက်တခေါက်တွေ့ဆုံပွဲဖြစ်သည့် ၁၉၄၈ ခုမတ်လ(၁၀)နေ့တွင် ဦးနုသည် ကရင်ခေါင်းဆောင်များ ကရင်ပြည်တောင်းဆို ရာတွင် မပေးနိုင်သဖြင့် နောက်ဆုံး တိုက်ခိုက်ကြဘို့ဘဲရှိကြောင်း ပြန်လည်ဖြေကြားသည်။ နောက်ထပ်တခါ ပြန်လည် တွေ့ဆုံရာတွင်လည်း ကရင်အား ပါလီမန်နည်းလမ်းဖြင့် ကြိုးးပမ်းသွားရန် ပြောကြားသည်။ ဤသို့ တွေ့ဆုံပြီးနောက်ပိုင်းတွင် ဗမာသတင်းစာများသည် ကေအဲန်ယူအပေါ် စွပ်စွဲပြောဆိုမှုများ၊ ကရင်လူမျိုးမကောင်းကြောင်းများ၊ ဗမာလူမျိုးများက ကရင်လူမျိုးအား မုန်းတီးရန်အတွက် အမျိုးမျိုးစွပ်စွဲရေးသားကြသည်။

အမှန်စင်စစ် ဗမာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလအတွင်းရေး ကွဲအက်မှုများဖြစ်သော ၁၉၄၇ ခုနှစ် အလံနီကွန်မြူနစ်ပါတီ တောခိုပြီး ဖဆပလအား ပြန်လည်တိုက်ခိုက်မှု၊၊ ၁၉၄၈ မတ်လ(၂၈)ရန် ဗမာပြည်ကွန်မြူနစ်ပါတီ ပုန်ကန်ထကြွမှု၊ ဇွန်လ(၄)ရက်နေ့ ရဲဘော်ဖြူ တို့ ပုန်ကန်ထကြွမှု နှင့် သြဂုတ်လ (၄)ရက် အခြားတပ်ရင်းအများအပြား တောခိုပြီး ဖဆပလအား ပြန်လည်တိုက်ခိုက်မှုတို့ကြောင့် ဦးနုအစိုးရသည် လုံခြုံမှုမရှိတော့သဖြင့် (KNDO) ကေအဲန်ဒီအို ကရင်ခေါင်းဆောင်များအား အကူအညီတောင်းပြီး ကာကွယ်ပေးခဲ့ရသည်၊၊ သို့သော်လည်း ဦးနုနှင့် ကရင်ခေါင်းဆောင်တို့၏ နောက်ဆုံးတွေ့ဆုံမှုအပြီး နောက်ပိုင်း ဖဆပလ အစိုးရတပ်များသည် ကရင်ကို အမျိုးအမျိုးစော်ကား ရန်စလာကြသည်။ တဖက်တွင်လည်း ထောင်သား၊ သူခိုးဓါးမြများပါမကျန် ၎င်းတို့စစ်အင်အားကြီးမားလာအောင်အတွက် လက်နက် အမြန်တပ်ဆင်ပေးကြသည်။ သထုံခရိုင်နှင့်တနင်္သာရီတိုင်းတွင်လည်း ဖဆပလနောက်လိုက် လက်နက်ကိုင်အုပ်စုများက ကရင်ပြည်သူများအား အမျိုးမျိုးနှိပ်စက်သတ်ဖြတ်မှု၊ လုယက်မှု၊ လိုင်စင်ရှိ ကရင့်လက်နက်များကို မတရားလိုက်လံသိမ်းဆည်းမှုများကို ဖဆပလအား တိုင်တန်းသော်လည်း အရေးယူမှုမရှိသဖြင့် နောက်ဆုံး မခံနိုင်သည့်အဆုံး ကေအဲန်ဒီအိုနှင့် အမ်အဲန်ဒီအိုတို့ပေါင်းပြီး ၁၉၄၈ သြဂုတ်လ(၃၁)ရက်နှင့် စက်တင်ဘာ(၃၁)ရက်နေ့များတွင် မော်လမြိုင်၊ သထုံ၊ ရွှေကျင်၊ ကျောက်ကြီး စသည့်မြို့များကို သိမ်းပိုက်လိုက်သည်။ တဖန် ဖဆပလအစိုးရက ကရင့်လက်နက်များကို မသိမ်းပါဟု ဂတိပေးပြီး သိမ်းယူထားသည့်မြို့များကို ကေအဲန်ယူခေါင်းဆောင်များက ဖဆပလအစိုးရအား ပြန်ပေးလိုက်သည်။

သို့ရာတွင် ဖဆပလအစိုးရသည် ပေးထားသောဂတိများကို စောင့်သိခြင်းမရှိချေ။ မြို့များပြန်လည်ရရှိပြီးနောက်ပိုင်း ၎င်းတို့၏ လဲဗီးတပ်များကို လျှင်မြန်စွာကြီး ထွားလာအောင် လုပ်ဆောင်လာသည်။ ကရင်အပေါ် ယခင်ထက် ပို၍ ရမ်းကားမိုက်ရိုင်းလာပါသည်။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလတွင် ဖဆပလ ဗမာအစိုးရ၏ အမိန့်ဖြင့် ကရင်ယူအင်ပီတပ်များ၊ ကေအဲန်ဒီအိုလက်နက်များနှင့် သစ်တောဌာနတွင် အမှုထမ်းသည့် ကရင်လက်နက်ကိုင် အမှုထမ်းတို့၏လက်နက်များကို လိုက်လံသိမ်းဆီးလေတော့သည်။ ထို့နောက်ပိုင်း ဘိတ်၊ ထားဝယ်ဒေသရှိ ကရင်ယူအင်ပီတို့၏လက်နက်များကို ဆက်သိမ်းသည်။ ဆက်လက်ပြီး မော်လမြိုင်၊ ထားဝယ်၊ သာယာဝတီ၊ ဟင်္သတနှင့် အခြားနေရများရှိ(KNDO)နှင့် (MNDO)ကရင်နှင့် မွန်ခေါင်းဆောင်များအားလုံး ဖမ်းဆီးလိုက်သည်။ ကရင်ပြည်သူများမြောက်များစွာလည်း သတ်ဖြတ်ညှင်းဆဲခံခဲရသည်။ ဖဆပလ ဗမာအစိုးရစစ်တပ်များသည် ကေအဲန်ယူ၏ရုံးများ၊ ဌာနများကိုလည်း တခုပြီးတခု လိုက်လံတိုက်ခိုက်ချေမှုန်းတော့သည်။ ၁၉၄၉ ခု ဇန်န၀ါရီလ(၃၁)ရက်နေ့စောစောအချိန်တွင် အင်းစိန်ရှိ ကေအဲန်ယူစခန်းနှင့် သမိုင်းရှိ ကေအဲန်ဒီအိုစခန်းများကို ၎င်းတို့သွားရောက်တိုက်ခိုက်ပြန်သည်။ ထိုနေ့တွင်ပင် (KNDO)အသင်းနှင့် (MNDO)ကို ဖဆပလ ဗမာအစိုးရက မတရားအသင်းအဖြစ်ထုတ်ပြန်ကြေငြာသည်။
ဤသို့ဖြင့် ဖဆပလဗမာအစိုးရက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ ရမ်းကားစွာ ကျူးကျော်တိုက်ခိုက်လာမှုကို ကရင်များအဖို့ ပြန်လည် ခုခံတိုက်ခိုက်ခြင်းမရှိပါက တန်ဖိုးမဲ့စွာ အသေခံကြရမည်သာဖြစ်သဖြင့် ကရင်လူမျိုးတို့၏ အသက်အိုးအိမ်ကို ကာကွယ်သည့်အနေနှင့် တရားသောစစ်ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ရမည်ဖြစ်သည်။ ယင်းသို့ဖြင့် ကေအဲန်ယူခေါင်းဆောင်များက တပြည်လုံးရှိကရင်များအား မိမိတို့အသက်ကို ကာကွယ်သည့်အနေဖြင့် ရရာလက်နက်ကို အသုံးပြုကာ ဖဆပလဗမာအစိုးရအား ပြန်လည်ခုခံတိုက်ခိုက်ရန် အမိန့်ပေးည္မန်ကြားလေတော့သည်။ သို့ဖြင့် ဗမာ ဖဆပလ အစိုးရ၏ ကျူးကျော်ရက်စက်မှုကို ကရင်လူမျိုးတို့တရားသောစစ်ဖြင့် စတင်တော်လှန်သော ဇန်န၀ါရီလ(၃၁)ရက်နေ့ကို ကရင်တော်လှန်ရေးနေ့အဖြစ် အသိအမှတ် ပြုလက်ခံထားခြင်းဖြစ်ပြီး နှစ်တိုင်းရဲ့ဖော်ဖါဝါရီလ ၁၁ ရက်နေ့ ကျရောက်တိုင်း
ကရင်တိုင်းရင်းသားအမျိုးသားများအားလုးံရဲ့ ပြည်ထောင်စုတိုင်းရင်းသားများထဲမှ ကရင်တိုင်းရင်းသားအမျိုးသားနေ့  နေ့ထူးနေ့ရက်ဖြစ်ပါသည်။

"မျိုးချစ်ကရင်များ သမိုင်းပေးအမျိုးသားရေးတာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်လိုစိတ် ပေါ်ပေါက်လာပါစေ။"

0 ဟ့ဢ္ခီဢ္မဲဢ္လီဿ္ for ""ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ""

Leave a reply

တဿ္ထံဢ္ဒီးတဿ္တဿဢ္ပီဢ္သကိးအဒဿး

တဿ္ကြဲးလဿပက့ၯကြဿ္ကဒါ

နီဢ္ဂံဿ္ရဲဢ္